♣ရောက်လာတဲ့သူငယ်ချင်းအားလုံးကဗျာလေးတွေကိုလွတ်လပ်စွာခံစားနိုင်ပါတယ်ခင်ဗျာ♣

အမေ

ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းမှာ အမေ ရှိတယ်…။

မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေ ရှိတယ်။

ချစ်သဒ္ဓါ ဝေကဲ
ပြည့်တန်ဆာ အမေလည်း အမေ။

အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်း အမေ။

အကြောင်းတရား အခြေမွဲ
သူတောင်းစား အမေလည်း အမေ။

သမီးသားတွေ ကြီးထွားစေရော့လို့
စီးပွား အထွေထွေ
စိန် ရွှေ ပတ္တမြား
အိမ် မြေ ကားနဲ့
ငွေသား အမွေ
ပေးနိုင်မှ အမေ မဟုတ်။

ယိုင်နဲ့နဲ့ တဲအတွင်း
လှဲခင်း အိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည် အတူတူသောက်
ဗိုက်မှောက်တော့ အတူတူ
ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်းမရှိလို့
ခြင်ကိုသွေးလှူ အတူတူ
ကြမ်းပိုးသွေးလှူ အတူတူ
အပူကို မျှဝေ
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုးသားမှု ဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှ တစ်ပါး
အခြားပေးစရာ
အထွေထွေမဲ့သော်လည်း
အမေ ဟာ အမေ ပဲလေ…။ ။

Read Users' Comments (1)ယောက်ဝေဖန်သွားပါတယ်

ကဗျာချစ်သူ

ကဗျာချစ်သူ

ငါဟာ ကဗျာလမင်း
ညကိုချစ်လို့ သာတာ။
ငါ့ နဂိုအစစ်မို့ ဝါတာ။

ငါဟာ ကောင်းကင်
အမြင့် တက်ချင်စိတ်နဲ့ ငါနေတာ။
ရင့် ကျက်ချင်စိတ်နဲ့ ပြာနေတာ။

ငါဟာ ကဗျာသီချင်းသီချင်တဲ့ 
မဟာ နှင်းဆီတပွင့် ။
ဥယျာဉ်မှာ မွှေးပျံ့ စေဖို့ အတွက်
အနုပညာပေးဖြန့် ဝေဖို့ ဟာ
ပန်းပွင့် တိုင်းရဲ့ အလုပ်။

ငါ့ ကဗျာသီချင်းသစ်တွေ
ကမ္ဘာ့ သတင်းဖြစ်စေရမယ်။

လေပြင်းတွေလာခြွေလို့ 
သေမင်းဆီငါကြွေသွားရင်တောင်
ကဗျာတွေကိုစုပ်ခဲ့ တဲ့ နှုတ်ခမ်းနဲ့ 
ကမ္ဘာမြေကိုနှုတ်ဆက်နမ်းခဲ့ မယ်။

Read Users' Comments (0)

နှင်းနဲ့အတူ








နှင်းနဲ့အတူ

နှင်းနဲ့အတူ



နွေရယ် မိုး ဆောင်း
ပြောင်းလည်းနေတဲ့
ပြည်မြန်မာရဲ့
ရာသီစက်ဝန်းများထဲ
ဆောင်းရာသီကိုတော့
အချစ်ဆုံးပဲ။

ဒီဆောင်းမှာမြူး
ချစ်ဦးသူနဲ့ပျော်ခဲ့ဖူးတယ်။

ဒီနှင်းတွေကြား
တီးတိုးစကားတွေဆိုထားဖူးတယ်။

မြူတွေဆိုင်းတဲ့
ဒီမနက်ခင်းတိုင်း
ချစ်သူကိုမှန်း လွမ်းခဲ့ဖူးတယ်။

ခုတော့လည်း
ဒီဇင်ဘာရဲ့နှင်းတွေနဲ့အတူ
ဆိုဖူးခဲ့တဲ့စကားတွေ
ပျော်မြူးခဲ့တဲ့အတိတ်တွေ
မြူတွေနဲ့အတူလွမ်းဖူးတာတွေ
ဆောင်းနေခြည်အောက်မှာ
ပျောက်ဆုံးခဲ့ရှာလေပြီ။

Read Users' Comments (0)

ဘ၀ရဲ့ပုံရိပ်



ငါ့ဘ၀ရဲ့နေ့သစ်တွေမှာ
မရေရာတဲ့မင်းပုံရိပ်တွေက
အာရုဏ်ဦးလို
မသဲကွဲတဲ့မင်းသံစဉ်တွေက
ညနေဆည်းဆာလို
မဖြစ်နိုင်တဲ့မျှောင်လင့်ချင်တွေကတော့
နေ၀င်ကောင်းတုန်း.........
မနိုင်မှန်းသိရက်နဲ့
ဒီစစ်ကိုငါကိုယ်တိုင်ခင်းခဲ့တယ်
ပြဌန်းခဲ့တယ်...ကြေငြာခဲ့တယ်
ရှုံးနိမ့်ခြင်းတွေဆိုတာ
ငါ့ကျင့်သားရပြီးသားတွေ..........
မင်းပျော်နိုင်ဖို့ဆိုရင်
စေလိုရာစေပါ
ညွှန်လိုရာညွှန်ပါ
အဲဒါတွေကငါ့နေ့သစ်ရဲ့
ရောင်စဉ်တန်းအလှတွေ.........
ငါ့နှလုံးသားနှုတ်ခမ်းလွှာတွေ
သွေးစို့အောင်ကိုက်ထားမယ်
ကြည့်ခွင့်မရသေးတဲ့မျက်ဝန်းတစ်စုံက
အကြည့်စိမ်းတွေ
ခံစားခွင့်မရသေးတဲ့ရင်ခွင်တစ်စုံက
ဒေါသစည်းချက်တွေ
ငါ့ကိုခါးသက်စေတဲ့အွန်လိုင်းပေါ်က
ကြက်ခြေခတ်လက္ခဏာတွေ
ကျင့်သားမရသေးလို့ချစ်သူ.........
ငါမဟုတ်တဲ့ငါ့လိုရင်ခွင်မှာ
ချစ်သူနေပျော်ပါစေ
ချစ်သူနေတတ်ပါစေ
ချစ်သူနေနိုင်ပါစေ
ဒါပေမယ့်....
တစ်ဖက်သတ်မှာ
အချစ်စစ်ရှိတတ်တာလဲ
မင်းသိနိုင်ပါစေ........






Read Users' Comments (0)

စိန်ခေါ်ပါ

မြင့်မြင့်ကြံ
အသစ်တွေ့စမ်းသပ်
အမြဲတမ်းကြိုးစား
ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်


ကိုယ့်ကိုယ်ကိုယ် အားကိုး
စိတ်ကူးယာဉ် နန်းတော် ဆောက်
သို့သော် အရှိဘ၀မှာ နေထိုင်
တွဲလုပ်


ယဉ်ယဉ်ကျေးကျေး လေးလေးစားစားရှိပါ
လုပ်သင့်တာလုပ်
နာမည်ကောင်း ကိုထိန်းသိမ်း
မျှမျှ တတရှိပါ


လုပ်သာလုပ်
အဖြစ်ကိုတွေးပါ ။ အပျက်ကိုမတွေးပါနဲ့
ကိုယ့်ကိုယ်ကိုယ်စိန်ခေါ်ပါ
ရည်မှန်းချက် ပန်းတိုင် တွေ့ထားပါ
ပျော်ပါစေ
ကွဲပြားခြားနားအောင်လုပ်
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်
သစ္စာရှိပါ
ဘ၀ကို ပြည့်ပြည့်၀၀နေ





ကိုယ်ကိုကိုယ်စိတ်ခေါ်ပါ

Read Users' Comments (0)

© All Rights Reserved. ကဗျာချစ်သူ