♣ရောက်လာတဲ့သူငယ်ချင်းအားလုံးကဗျာလေးတွေကိုလွတ်လပ်စွာခံစားနိုင်ပါတယ်ခင်ဗျာ♣

ပြော








ကိုယ့်အတွက်တော့ .........
သတိရခြင်း

တမ်းတခြင်း
လွမ်းရခြင်း
မျော်လင့်ခြင်း တွေနဲ့
ကိုယ့်ဘ၀က မင်းပါ...... ကောင်မလေးရယ်....


Read Users' Comments (0)

အဖြည့်ခံ ချစ်သူ

ချစ်သူရေ
နောင်တစ်ချိန်မှာများ
ငါ့ရဲ့လက်တစ်စုံဟာ
မင်းအိပ်မက်ကို ပုံဖော်နိုင်စွမ်း မရှိတဲ့အခါ
မင်း....... ထွက်သွားပါ

ငါ့ရဲ့ ရင်ခွင်တံတိုင်းဟာ
မင်းဘ၀ကို ကာရံနိုင်စွမ်းမရှိတဲ့အခါ
မင်း...... ထွက်သွားပါ

ငါ့အချစ်ရဲ့ ရင်ခုန်သံ
မင်းရဲ့သောကကို ကုစားနိုင်စွမ်း မရှိတဲ့အခါ
မင်း... ....ထွက်သွားပါ

ငါကတော့....
မင်းနှလုံးသား တစ်ရပ်စာမြင့်တဲ့
ချစ်သူကို မြတ်နိုးခွင့်ကလေးနဲ့
ဖြည့်ဆည်းပေးနေပါရစေဦး

ငါတို့နှုတ်မဆက်ခင်စပ်ကြား
အလွမ်းတွေအခါးပေါ့အောင်
သင်ပေးခဲ့ပါဦးကွယ်

ငါ ပြီးပြည့်စုံနေသမျှ
မင်းဘ၀ကို
အလှဆုံးဆေးခြယ်
လူတကာအလယ်မှာ
ချစ်သူမျက်နှာမငယ်စေချင်ရုံကလေးပါ

မြေကြီးကမွေးဖွားခဲ့တဲ့
ကြယ်တစ်ပွင့်
မြေပြင်ပေါ် ပြန်ကြွေလွင့်ရမယ့်အခါ
ငါ့ကို ....
မင်းအနားကထွက်ခွာခွင့်ပြုပါ ချစ်သူ

ဒါမှမဟုတ်
ငါ့အနားက မင်းထွက်သွားပေးပါကွယ်

မင်းအလှကိုမြင်ခွင့်ရရုံ
ငါ ရင်ခုန်ခဲ့တာ မဟုတ်ရပါဘူး
မင်းရဲ့တစ်ဘ၀စာ ရိုကျိုး
ငါ့ရင်ကို အုပ်မိုးစောင့်ရှောက်ချင်ခဲ့တာပါ

ဒါပေမယ့် ချစ်သူရယ်
ကံကြမ္မာဆိုတာ
တရံတစ်ခါပဲ ကောင်းတတ်သလို
အချိန်တန်လို့
နေရာမှန် ပြန်တဲ့ခရီးမှာ
လောကဓံ ဆိုတဲ့အရာကို
မင်းခံနိုင်စွမ်းပါ့မလား

အချစ်နဲ့ကျော်လွှားမယ်ဆိုတဲ့စကား
မင်းနှုတ်ဖျားကပြောလာစေဦး
မင်းအမုန်းကိုပဲ ခံယူပါရစေ..... ချစ်သူ

နှာခေါင်းပေါက်ချင်းအတူတူ
အသက်ဝအောင် မရှူရတဲ့ဘဝ
မင်းနေသားကျမှာ မဟုတ်လို့ပါ.......

အဲဒီလိုတစ်နေ့ဆိုတာ
ဖြစ်လာတဲ့အခါ
မင်း နေရစ်ခဲ့ပါ
ချစ်သူရယ်.........

မင်းဘ၀ထဲကို
အလည်တစ်ခေါက် ရောက်တယ်လို့
အမှတ်ရပေးတယ်ဆိုရင်ပဲ
ငါ.......
လမ်းခွဲရကျိုးနပ်ခဲ့ပြီ.......

ချစ်သူရေ.....
အချစ်ကို အချိန်နဲ့ကုစား
မင်း ငါ့ကိုမေ့သွားမှာပါကွယ်.....

အဲဒီလို.......
တစ်နေ့နေ့ရဲ့.......
တစ်ချိန်ချိန်ဆိုတာတော့........
........................
........................
........................
ဟောဒီဆောင်းက
အချမ်းပေါ့လွန်းတယ်........ ချစ်သူ.



Read Users' Comments (0)

ကောင်မလေး အတွက်







ချစ်တဲ့ ကောင်မလေးရေ....
ရွက်ကြွေတွေ အထပ်ထပ်နဲ့
မျက်ရည်စက်လက် လွမ်းတဲ့ နွေ
ရင်ထဲမှာ ရှည်လွန်းလိုက်တာကွယ်၊ ၊

ချစ်တဲ့ ကောင်မလေး ရေ...
နှလုံးသားရင်ခွင်တံတိုင်းက
မုန်တိုင်းကိုသာ ကြံ့ကြံ့ခံနိုင်ခဲ့တာပါ
မင်းနှုတ်ဖျားက စိမ်းကားတဲ့
လေပြေစကား ......
ခပ်ပါးပါး ထိရုံနဲ့ ပြိုကျသွားလိမ့်မယ်။ ။

ချစ်တဲ့ ကောင်မလေး ရေ.
နင်လှည့်ပြန်သွားတဲ့ ည
ငါ့ညတွေ ခါးသီးလိုက်တာ
စံပင်ပင် ကိုင်းဖျားမှာ
ငါ့အမှားတွေ စုရုံး
ငါပဲ ကျဆုံးခဲ့ရတာပါ ကောင်မလေး ရယ်။ ။

ချစ်တဲ့ ကောင်မလေး ရေ.
အချိန်မလွန်သေးတဲ့ နောင်တ
ငါတို့ရဲ့ အတိတ်ကအမှောင်ညထဲမှာပဲ
ထားခဲ့ကြရအောင်ကွယ်.
ငါတို့နှစ်ယောက်ရဲ့ကြားမှာ
သံယောဇဉ်ဆိုတဲ့ တံတားလေး
လရောင် ဖွေးနေပါစေလား

အလွမ်းတလှည့် အနမ်းတလှည့်နဲ့
ချည်နှောင်ခဲ့တဲ့ ငါ့ရဲ့ သံယောဇဉ်
နင်မြင်ကြည့်လှည့်ပါ ကောင်မလေး ရယ်.

မျက်နှာလွှဲလို့ ထွက်သွားတော့မလား
နားလည်တတ်ရင် ပြန်ခဲ့ကွယ်.
ရင်ထဲမှာ အမြစ်တွယ်ခဲ့တဲ့သစ်ပင်
မင်း ရင်ခွင်ကို စောင့်နေမယ်.

ရှင်သန်ချိန်ဆိုတာ မသိသလို
ပြန်လာချိန်ဆိုတာလဲ မရှိဘူးကွယ်
ဝင်လာမယ်ဆိုရင် အလိုက်သင့်
ငါ့ရင်ကို တွန်းဖွင့်လိုက်ရုံပါ
ဒီဘ၀မှာ ....
ငါတွယ်တာခဲ့တာ
ကောင်းကင်ရဲ့ နတ်သမီး
ငါ့ရင်ထဲကို အလွမ်းမီးနဲ့လင်းစေတဲ့
လမင်း ဆိုတဲ့ နင်တစ်ယောက်ပေါ့ ကောင်မလေး ရယ်.

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Read Users' Comments (0)

....... မေ.........




ဒီတစ်နေ၀င်လဲ မြင်နေဆဲပါ... မေ. ရင်ထဲမှာ အနေကြာလာတာနဲ့အမျှ ဘ၀က မင်းအတွက် လောင်းရိပ်မိခဲ့ပြီ.

ငါ့ရဲ့ အာရုံတွေကို စီးမိုး လျှပ်စီးမိုးကြိုးလိုပြင်းထန် လွမ်းမိတဲ့ ဒဏ်ကို ခါးစည်းခံပါ့မယ်... မေ.

မနေချင်တော့လဲ မတားရက် အလွမ်းကို... ငါ တရှိုက်မတ်မတ်တတ်မြောက်ခဲ့ပေါ့. မနှင်လိုပေမယ့်... မင်းကတော့ ထွက်သွားရက်ခဲ့ပြီလေ.

အိပ်မက်က အမျှင်မပြတ်သေးဘူး. မက်လို့ကောင်းဆဲပေါ့.....

သိပ်ချစ်တယ်...မေ.

မင်းမရှိတော့ အလင်းမဲ့ နွေတွေထဲ ငါ အသည်းကွဲပေါ့. အိပ်ယာဝင် ပုံပြင်တစ်ပုဒ်လို ဒဏ္ဍာရီဆန်ဆန် ငိုနေရဆဲပဲလေ.

နှလုံးသားက ပင့်သက်တစ်ချက်ရှိုက်တိုင်း သံယောဇဉ်က အရိုင်းဆန်ခဲ့ ငါ နားမယဉ်တဲ့ တေးသွား မင်းစကားတွေ ဖြစ်လို့.....မေ.

ငါ့အချစ်ရဲ့တန်ဖိုးကို သစ်စိမ်းချိုးချိုးပြီး ဈေးဖြတ် အဲဒါ... ရက်စက်တယ်လို့ ဆိုရမလား ငါ.... ဘာမှ မကြားချင်တော့ဘူး.....မေ.

သံသယမကင်းတဲ့ ချစ်ခြင်းနဲ့ ပြန်လှည့်လို့ကြည့်မနေနဲ့တော့......မေ. သေဆုံးသွားတဲ့ ငါ့ နှလုံးသားဇာတ်လမ်းကို အတိတ်က အခန်းထဲထားခဲ့လိုက်ပြီ.

ပြတိုက်မဟုတ်လို့တော့ လူမစည်ပါဘူး. ဒါပေမယ့် .... အနာဂတ်မှာ သူများထက်ထူးပြီး ရီနိုင်အောင်ကြိုးစားမယ်.

နင့်ကို မြတ်နိုးနေဆဲ သံယောဇဉ် အကြွင်းအကျန်တွေ ငါ သံသရာ မရှည်ချင်တော့ဘူး ငါ့နှလုံးသားအစိုင်အခဲကို ငရဲမီးထဲ ဆွဲမြှုပ် ငါ ကျောက်ရုပ်လိုပဲ နေတော့မယ်... မေ.
သိပ်မြတ်နိုးလို့ ဒဏ်ရာတွေများခဲ့တဲ့ နှလုံးသား အခုကစပြီး ရင်ထဲမှာ မထားတော့ဘူး.
ငါ.... တစ်ခုတော့တောင်းဆိုပါရစေ....မေ. ငါ မင်းကြောင့်တော့မရူးဘူး. ဒါပေမယ့်.... နင့်ကြောင့်ဆူးခဲ့တဲ့ ရင်ဝကဒဏ်ချက် သွေးမထွက်အောင်တော့လုပ်ပေးခဲ့ပါ .... မေ.
မင်းကြောင့်လည်ပတ်ခဲ့တဲ့ သွေးတွေ လူမမြင်စေချင်လို့ပါ..... မေ. ..........လူမမြင်စေချင်လို့ပါ.







Read Users' Comments (0)

ငါ့အချစ်ရဲ့ အလွမ်းမှတ်တမ်း





မနက်ခင်းတစ်ခုကို
ကန့်လန့်ကာဖွင့်လိုက်ကတည်းက
အလွမ်းနဲ့ စခဲ့ရတယ်.
တေးဆိုငှက်တစ်ချို့ရဲ့သာယာသံ
ရင်နံရံမှာ....
လွမ်းချင်းညည်းသလိုပဲ
နင့်ကို အမြဲသတိရတယ်.

နေထိပန်းကလေး တစ်ပွင့်
တစ်ဖျတ်ဖျတ် အားယူပွင့်ဝေနေပုံများ
ငါ့အနားမှာ နင်ရှိခဲ့တုန်းကလို
အပိုအလိုမရှိ ပြီးပြည့်စုံလွန်းပါတယ်
အဲဒီလိုနဲ့
တစ်ယောက်တည်းဆွေး
အတွေးရဲ့ခြေလှမ်းတွေက နယ်ကျွံ
အလည်လွန်ခဲ့တဲ့ နင့်အတွက်အချစ် တွေ
အိမ်ပြန်မရောက်နိုင်တော့ဘူးကွယ်

.

ယဉ်ယဉ်ကလေးပါပဲ
နင့်ရဲ့ခေါင်းတစ်ချက်အရမ်းမှာ
အနာဂတ်က လမ်းပျောက်သွားခဲ့သလိုပဲ
အိပ်မက်မျက်ဝန်းမှာ
ပုလဲဥ တို့ကွန်းခိုခဲ့ပြီ....

လာခြင်းမကောင်းခဲ့တဲ့ ငါ့အချစ်တွေအတွက်
မှတ်တိုင်တစ်ခုတော့ စိုက်ထူနိုင်ကောင်းပါရဲ့ကွယ်.

စံပယ်တွေ ကြယ်လိုဝေတဲ့ည
ငါ နင့်ကိုသတိရတိုင်း
ကဗျာအပိုင်းအစတွေနဲ့ စိတ်ဖြေမယ်

ချစ်မိသူရေ
အခု........ငါ
ဘရန်ဒီတစ်ခွက်
အလွမ်းတစ်စက်
ငါ့ ရင်ဘတ်နဲ့ နင့်အကြောင်းရေးမယ်
ငါ့...နင့်...ကို...လွမ်း...တယ်
အနာဂတ်ထဲက အတိတ်ရဲ့အလွမ်း
ငါ့ အချစ်ရဲ့မှတ်တမ်းပေါ့ကွယ်.





Read Users' Comments (0)

© All Rights Reserved. ကဗျာချစ်သူ