♣ရောက်လာတဲ့သူငယ်ချင်းအားလုံးကဗျာလေးတွေကိုလွတ်လပ်စွာခံစားနိုင်ပါတယ်ခင်ဗျာ♣

♥ စိတ်သခင် ♥

စိတ်ကိုစေ၍
လေတွင်လှုပ်ရှား ၊ သစ်ပင်များသို့
မာန်အားပြည့်ဝ ၊ ရှိလိုလှလည်း
စွမ်းစ ကိုယ့်မှာ ၊ မပြည့်ပါခဲ့ ။

စိတ်ကိုစေ၍
ထက်ဗွေမိုးယံ ၊ တိမ်တိုက်ပျံသို့
အားမာန်ကြွတက် ၊ ရှိလိုလျက်လည်း
ကိုယ့်တွက်အားငယ် ၊ ညှိုးနွမ်းနယ်ခဲ့ ။

စိတ်ကိုစေ၍
နှုတ်ချွေလင်္ကာ ၊ တေးဂီတာသို့
သီကာဆိုကာ ၊ ပြုလိုပါလည်း
ရင်မှာလှိုင်းကြွ ၊ မောပါရခဲ့ ။

စိတ်ကိုစေခိုင်း ၊ မပြည့်တိုင်းပင်
ထိုင်းမှိုင်းနောက်ကျိ ၊ ရှိရဘိမို့
မြင်သည့်အရာ ၊ ထင်လာအရိပ်
တွေးစိတ်ဖယ်ရှား ၊ မှိတ်ထားမျက်စိ
ပျောက်သည့်ခဏ ၊ အိပ်လိုက်ရ၏ ။

နိုးလာသောခါ
ကိုယ့်မှာအားသစ် ၊ ပျိုမျစ်မျစ်တည့်
သစ်ပင်အများ ၊ လေကစားသို့
မိုးဖျားဝေယံ ၊ တိမ်တိုက်ပျံသို့ 
ကြည်လျှံမြူးကြွ ၊ တေးဂီတသို့ 
ပြည့်ဝအားမာန် ၊ သစ်သစ်ဖန်ခဲ့
တရံတဆစ် ၊ စိတ်များညစ်မူ
ပိုင်းဆစ်နှိမ်ချိုး ၊ စိတ်ကိုစိုး၍
လွှမ်းမိုးဝေဒနာ ၊ ပယ်ဖျောက်ပါယင်း
ထင်ရာလွင့်ချင် ၊ စိတ်သခင်အား
ထာဝစဉ် ထိန်းချုပ် နိုင်စေသတည်း ။
………………………………………………ဒီကဗျာကို ထွဏ်းနေနွယ်က
………………………………………………….၁၉၇၃ ခုနှစ်ကရေးဖွဲ့ ခဲ့တာပါ ။
………………………………………………………….သခင်ကြီး ရှာဖွေတင်ပြသည် ။
0န်ခံချက်။ ။ဧဒင်မှ ကူယူဖော်ပြချင်းဖြစ်ပါတယ်


Read Users' Comments (0)

အိမ်မက်နတ်သမီး



သူငယ်ချင်း ...
သူဟာ ...အလှတွေဖန်ဆင်း
လေညှင်းတွေလည်း သယ်ယူပေးပါသတဲ့ ။
တစ်ခါတစ်ခါ
လှိုင်းတွေပွေ့ချီ
သောင်ပြင်ပေါ်ပြေးတက်
တစ်ချက်တစ်ချက် ရယ်မောတတ်သေးတယ် ။
ညအခါ ..ကဗျာကိုဖန်ဆင်း
လကိုအံတုရင်းပေါ့
ရေပြင်ပြာပြာပေါ်
ဗေဒါတွေလည်း မျောလွင့်ပေးပါရဲ့။
တစ်ခါတစ်ခါ
လွမ်းစရာသံစဉ်တစ်ပုဒ်
တယောထိုးသံတွေလည်း
ဖန်တီးပေးပါရဲ့ ။
ဒါပေမဲ့ ..
တစ်ခါတစ်ခါ သူရက်စက်ရင်တော့
မင်း ...
တွေးလို့သာကြည့်ပေတော့ သူငယ်ချင်း ။ ။

Read Users' Comments (0)

တိတ်တခိုးချစ်သူ

ကောင်းကင်ပြာပြာအောက်မှာ
သူနဲ့ စတွေ့ ခဲ့တာ
ရေစက်လို့ ဆိုရမလား
ကံကြမာကဖန်တီးပေးတာလား..
ဘာအကြောင်းကြောင့်ဖြစ်ဖြစ်ပေါ့လေ..

တစ်စထက်တစ်စ
သိကျွမ်းရင်းနှီးလာတော့
အဖြူရောင်လေးကနေ
အရောင်တွေစွန်းထင်းလာခဲ့ရပြီလေ
စည်းတစ်ဖက်ခြားမှာနေနေရတဲ့ တို့ ဘဝ
ခံစားချက်တွေထုတ်ဖေါ်ချင်လဲ
အဲဒီကံကြမ္မာကပဲခွင့်မပြုလို့ 
နှုတ်ပိတ်ဆွံ့ အချင်ယောင်ဆောင်ခဲ့ရတယ်
သူပြောဖူးတဲ့ စကားလေး
မချစ်မိအောင်ကြိုးစားနေတယ်တဲ့ 
အတင်းကြိုးစားနေတဲ့ သူ့ ကို
ချစ်ပါလို့ မတိုက်တွန်းချင်တော့ပါဘူး

သူ့ ဆီကလဲဘာမှမလိုချင်တော့ပါဘူး
လောကကြီးမှာ
သူရှိနေသေးတယ်..
သူ့ ရင်ထဲမှာ
တို့ ရှိနေသေးတယ်ဆိုတဲ့အသိက
တို့ ရင်ကိုနွေးထွေးစေလို့ 
အဲဒီစိတ်နဲ့ ပဲ
ရောင့်ရဲနေတော့မယ်......။

Read Users' Comments (0)

ပန်း...သခင်သို့


အိပ်မက်အသွင် သခင်ပျော်မြူး
ရင်ခွင်ဦးမှာ စံဖူးပါရဲ့။
နုးညံ့တိတ်ဆိတ် မခေါ်ဖိတ်ဘဲ
ချစ်စိတ်သူပျိုး တိတ်တခိုးလျှင်
ပွင့်နိုးထိတ်ထိတ် ပန်လိုစိတ်ကို
မျိုသိပ်တမ်းတ လွမ်းထိရှလည်း
ဘ၀ခက်ခက် မတွယ်မက်စေ
သက်ဝေပွင့်ဖူး အချစ်ဦး....ပန်းသခင်
ညှိုးစိတ်ငြင်ငြို မမြင်လိုမို့ 
ကြင်လိုခက်ဝေး အိပ်မက်လေးမျှ
ချစ်ခွင့် ရကို ဘ၀ထင်ထင်
မနိုးချင်ခဲ့
သခင်....စံဖူး ရင်ခွင်ဦးရဲ့ 
အိပ်မက်...တစ်နေရာမှာပေါ့ ။

Read Users' Comments (1)ယောက်ဝေဖန်သွားပါတယ်

ငါနင့်ကိုချစ်တယ်

ချစ်မိပြီဆိုကတည်းက
တမ်းတဖို့ဖြစ်လာပြီ
မင်း ရီတဲ့ ရယ်သံလေး
ငါ့ကို အလွမ်းတွေပေးပေါ့
မင်းအပေါ် စွဲလမ်းစိတ်နဲ့
တိတ်တိတ်ကလေး အမြစ်တွယ်
ချစ်တယ်ပြောဖို့လဲ
မ၀ံ့ရဲသေးဘူးကွယ်
အစကတည်းက
နီးစပ်ခဲ့ကြတာမဟုတ်ပေမယ့်
ဝေးနေရတာကြီးကို
စိတ်နာတယ်.
ငါ့ဘ၀ထဲ
အမြဲ မင်းအရိပ်တွေစိုးမိုး
မြတ်နိုးလို့လဲ မ၀ခဲ့ဘူးကွယ်
မပြောဘဲ သိနိုင်မယ့်
နည်းလမ်း....
စမ်းတ၀ါးဝါး ဖွေရှာ
လေထဲက
ကြင်နာနေရတုန်းပဲလေ
ကောင်မလေး ရေ...
မင်းအတောင်ပံတွေ မပါပဲ
ဒီအလွမ်းကို
ငါ ဘယ်လိုဖြတ်ကျော်ရဲပါ့မလဲ
ရင်ထဲကိုမြင်ကြည့်လှည့်ကွယ်
ချစ်တဲ့ စကားပြောကြားဖို့
အားအင်တွေ မွေးဖွားခဲ့တဲ့
ငါ......
ပြန်ကြင်နာမှာလား
ကောင်မလေး ရယ်....
ဒီတစ်ခါ
ငါတို့နှစ်ယောက်ဆုံရင်
ပုံပြင်ထဲကလို
ချစ်ရေးဆိုတော့မယ်
ငါ....နင့်ကို.... ချစ်တယ်လို့.

Read Users' Comments (0)

© All Rights Reserved. ကဗျာချစ်သူ